Writen by
Tachileik News Agency
4:55 AM
-
0
Comments
၂၀၁၃ခုနှစ် ဇူလိုင်လ ၁၉ရက်မှာ ကျရောက်သည့် ၆၆နှစ်မြောက် အာဇာနည်နေ့အား တာချီလိတ်မြို့ရှိ ပြည်သူလူထုမှ အထူးဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက်နေ့က မသမာသူ လူတစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသော ၀န်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ပြန်ကြားရေးဝန်ကြီး ဦးဘချို၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၀န်ကြီး ဦးရာဇတ်၊ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘ၀င်း၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး မန်းဘခိုင်၊ အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီး မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်းမောင် နှင့် ပညာရေးဝန်ကြီး၏ သက်တော်စောင့်ဖြစ်သူ ရဲဘော်ကိုထွေး တို့အား ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၇)နာရီမှ စတင်ကာ ၎င်းတို့အား အလေးပြုခြင်း မစတင်မီအချိန်ထိ တာချီလိတ်မြို့ ပြည်သူလူထုမှ အုပ်စုအလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ ဌာနအလိုက်သော်လည်းကောင်း စသည်ဖြင့် ပန်းခွေများကို ကိုင်ဆောင်၍ စီတန်းရောက်လာကြကာ အောင်မြတ်ခန်းမရှေ့ရှိ အာဇာနည် ၉ဦးပါသော ပိုစတာရှေ့တွင် ပန်းခွေချခြင်း အလေးပြုခြင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ယူခြင်းများကို ပြုလုပ်ကြသည်ကို တွေ့ရှိရသည်။
၁၀နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်အကြာ ဥသြဆွဲကာ အလေးပြုခဲ့ကြသည်။
အဆိုပါ အစီစဉ်ပြီးသည့်နောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က အမှာ စကားပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အမျှအတန်း ပေးဝေနိုင်ရန်အတွက် သံဃာတော် ၅ပါးအား ပင့်ဖိတ်ကာ နေ့ဆွမ်းဆက်ကပ်ခြင်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားများ နှင့် လုပ်သားပြည်သူများ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။
"အခုလို အခမ်းအနားမျိုး လုပ်မယ်ဆိုတာ ထင်လည်းမထင်သလို၊ လုပ်ဖြစ်ရင်လည်း ခုလောက် လူတွေစည်ကားမှာ မဟုတ်ဘူးလို့ ထင်ထားတာ အခုတော့ အံ့သြစရာကောင်းလောက်အောင်ပါပဲ ကြည့်နေရင်းနဲ့ တကယ်ကို ၀မ်းသာပီတိဖြစ်မိပါတယ်"ဟု လွမ်းသူပန်းခွေ လာချသူ မကာဟိုခမ်းရပ်ကွက်မှ ရှမ်းတိုင်းရင်းသူ တစ်ဦးမှ ပြောကြားလာသည်။
"အလေးပြုနေရင်း ကျွန်မတို့ မျှော်လင့်ထားတဲ့ ဥသြဆွဲသံကြောင့် ရင်ထဲ တကယ့်ကို ခံစားမိတယ်၊ ၀မ်းနည်းတာလား မပြောတတ်ဘူး၊ မျက်ရည်ကျမိတာတော့ အမှန်ပဲ၊ ဘာပဲပြောပြော အခုလို ပွင့်လင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်တဲ့အတွက် ၀မ်းသာမိပါတယ်"ဟု ပညာရေးဌာနမှ ကျောင်းဆရာမ တစ်ဦးက ပြောကြားလာသည်။
"ကျွန်တော်တို့ ခုမြင်ကွင်းကို ကြည့်ရတာ တကယ့်ကို ပီတိဖြစ်သလို ၀မ်းလည်းဝမ်းသာတယ်ဗျာ ဘယ်သူမှ စေခိုင်းတာလည်းမဟုတ်ပဲနဲ့ အခုလို ပန်းခွေတွေလာချ၊ အလေးပြုကြနဲ့ ဗိုလ်ချုပ်ကို တကယ့်ကို လေးစားကြည်ညိုတဲ့ စိတ်ပဲဗျ၊ ခုလို တာချီလိတ်မှာ အာဇာနည်နေ့အခမ်းအနားကို စည်စည်ကားကားနဲ့ ပထမဦးဆုံး လုပ်ပြနိုင်တဲ့၊ ဆောင်ရွက်ပေးတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်သလို နောက်နှစ်တွေမှာလည်း ခုထက် ပိုပြီးကျင်းပပေးနိုင်ပါစေလို့ ပြောချင်ပါတယ်ဗျာ"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးမှ ပြောကြားလာသည်။
အခမ်းအနား၌ လွမ်းသူပန်းခွေ လာရောက်ချသူများ၊ အလေးပြုသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများကို ဦးအောင်မျိုးဝင်းတို့မိသားစုမှ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ၉ဦးတို့အား ရည်စူးကာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။
ယခု အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အာဇာနည်နေ့ အခမ်းအနားအား ဌာနဆိုင်ရာများနှင့် ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း - ဥက္ကဌ)၊ ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက်) နှင့် ဦးအောင်မျိုးဝင်း (ရှင်အရဟံနှင့်အနော်ရထာအဖွဲ့)တို့ ဦးဆောင်သော လူငယ်အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
84 photos
119 photos
43 photos
.jpg)

.jpg)
Social Buttons