Writen by
Tachileik News Agency
7:30 AM
-
0
Comments
တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲရွာ၊ (ပရဟိတ)ရွှေတောင်တန်းကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥာဏဓဇ၏ အန္တိမဈာပန အခမ်းအနားအား ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြရာ မီးသင်္ဂြိုဟ်ပူဇော်ရာသို့ လိုက်ပါပို့ဆောင်ကြသည့် ဧည့်ပရိသတ်များပြား စည်ကားကြောင်း သိရသည်။
ဆရာတော်၏ အန္တိမဈာပန အခမ်းအနားအား ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အ.ထ.က(တာချီလိတ်)မှဆရာ/ဆရာမများ(ပညာရေးဝန်ထမ်းများ)၊ နှင့် လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း စသည့် လူမှုရေးအသင်းအဖွဲ့များအပြင် စေတနာရှင်အလှူရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။သက်တော်(၄၉)နှစ် ၀ါတော်(၂၉)၀ါရှိသည့် ရွှေတောင်တန်းကျောင်းထိုင်ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းအုပ်စု၊ ညောင်ကုန်းရွာ ဇာတိဖြစ်ပြီး မွေးချင်း (၉)ယောက် အနက် စတုတ္ထမြောက်ဖြစ်ရာ ဆရာတော်၏ ထူးခြားမှုမှာ ဆရာတော်အား မွေးဖွားရာ၌ ညီအစ်ကိုနှစ်ယောက် အမွှာမွေးဖွားခဲ့ပြီး အကြီး၏ အမည်မှာ မောင်ကြီးဖြစ်ပြီး ဆရာတော်၏ အမည်မှာ မောင်ငယ်ဖြစ်သည်။
ဆရာတော်၏ အသက်(၁၁)နှစ်အရွယ်တွင် ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာဆရာတော်ထံ ရှင်သာမဏေအဖြစ်ရောက်တော်မူခဲ့ပြီး မြန်မာသက္ကရာဇ် (၁၃၄၆)ခုနှစ် နယုန်လဆန်း(၂)ရက်နေ့မှာ ရဟန်းပဉ္ဇင်းအဖြစ်သို့ ရောက်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော်သည် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်ဇမ္ဗူအေးစာချကျောင်း၊ ရန်ကုန်တိုင်း၊ အလုံမြို့နယ် အောင်မင်္ဂလာပါဠိတက္ကသိုလ်ကျောင်း၊ ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်း နှင့် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ (ပရဟိတ)အောင်မင်္ဂလာတောရကျောင်း စသည့်ကျောင်းတို့တွင် လောကုတ်လောကီ နှစ်လီသော လောကီစွယ်စုံပညာတို့ကို သင်ယူဆည်းပူးခဲ့ပြီးနောက် ၁၉၉၇ခုနှစ် ဇွန်လ(၁၈)ရက်မှ စတင်ပြီး ရွှေတောင်တန်းသာသနာပြု(ပရဟိတ)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား ထူထောင်ခဲ့သည်။
အဆိုပါကျောင်းအား ထူထောင်ပြီးနောက် မိဘမဲ့တိုင်းရင်းသားများကို စောင့်ရှောက်ခြင်း၊ ပညာသင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားကလေးငယ်များအား ပညာသင်ပေးခြင်း၊ ကျွေးမွေးစောင့်ရှောက်ခြင်းတို့အပြင် ယခုအခါမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတို့တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများမှာ မကွေးဆေးတက္ကသိုလ်၌(၁)ဦး၊ တောင်ကြီးမြို့ အေးသာယာနည်းပညာ တက္ကသိုလ်၌(၅)ဦး၊ မန္တလေး ရတနာပုံတက္ကသိုလ်မှ သိပ္ပံဘွဲ့ရ(၁)ဦး အပါအ၀င် တပည့်ပေါင်း(၂၅၀)ဦးတို့အား ပညာဆည်းပူးသင်ကြားစေပြီး ကျောင်းနေအရွယ် မိဘမဲ့ကလေးငယ် (၁၈၀)ကျော်တို့ကို နံနက်၊ နေ့၊ ညနေအားဖြင့် ကျွေးမွေးခြင်းများ၊ စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို ထောက်ပံ့ပေးခဲ့သည်။
ထို့အပြင် ဆရာတော်သည် မိဘမဲ့တိုင်းရင်းသား/သူများနှင့် ဆင်းရဲနွမ်းပါး တိုင်းရင်းသား/သူများအား စေတနာမေတ္တာထားက ၂၀၀၃ခုနှစ်က တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ နယ်မြေ(၆၂)တွင် သာသနာပြုလုပ်ငန်းအဖြစ် ဒုတိယ(ပရဟိတ)ရွှေတောင်တန်းကျောင်းကို ထူထောင်ခဲ့ပြီး အဆိုပါ ကလေးသူငယ်များအား အလယ်တန်းပညာအထိပို့ချပေးခြင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်၊ ဂျပန်စပီကင်နှင့် စက်ချုပ်၊ ဇာထိုး စသည့် ပညာရပ်များကို သင်ကြားပို့ချပေးခြင်းတို့ကို ကျောင်းနေ ကျောင်းစား တိုင်းရင်းသား/သူ (၂၆၀)ကျော်တို့အား သာသနာပြုပရဟိတလုပ်ငန်းအနေဖြင့် ဆောင်ရွက်တော်မူခဲ့သည်။
ဆရာတော်သည် သာသနာပြုပရဟိတလုပ်ငန်းများအား ဆောင်ရွက်တော်မူရင်း ၂၀၁၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ ဆွမ်းစားအပြန် ချောက်ထဲသို့ ကားကျသွားရာမှ ပျံလွန်တော်မူသွားခြင်းဖြစ်သည်။
ဆရာတော်သည် သာသနာပြုပရဟိတလုပ်ငန်းများအား ဆောင်ရွက်တော်မူရင်း ၂၀၁၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ ဆွမ်းစားအပြန် ချောက်ထဲသို့ ကားကျသွားရာမှ ပျံလွန်တော်မူသွားခြင်းဖြစ်သည်။
ပုံများကိုကြည့်ရန်
အခမ်းအနားမှတ်တမ်းဓါတ်ပုံများ
148 photos
23 photos
Social Buttons