Writen by
Tachileik News Agency
1:51 AM
-
0
Comments
ဇူလိုင်လ ၂၉ ရက် ညပိုင်းနှင့် ၃၀ ရက်နေ့ အာရုံတက်ချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တာချီလိတ်မြို့ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အား နယ်ခြားမျဉ်းအဖြစ် ဖြတ်သန်းစီးဆင်းလျှက်ရှိသော မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနှင့်အတူ မြို့တွင်းဖြတ်သန်းစီးဆင်းလျှက်ရှိသော နမ့်ယွန်းချောင်း၊ ဆန်ဆိုင်းချောင်းနှင့် မယ်ခေါင်ချောင်းများအတွင်း တောင်ကျရေများ စီးဆင်းလာမှုတို့ကြောင့် တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်ရပ်ကွက်များနှင့် ပါလျံကျေးရွာတို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေလွှမ်းမိုးမှုခံရသော နေရာများအား တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။
"ဇူလိုင် ၂၉ ညပိုင်းနဲ့ ၃၀ ရက် နံနက်ပိုင်းမှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်က ၄.၁၅ လက်မရှိပါတယ်။ မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေဟာ ဒီကနေ့ နံနက် ၈ နာရီအချိန် တိုင်းထွာချက်အရ ၃၁၆ စင်တီမီတာရှိပါတယ်။ တာချီလိတ်မြို့ရဲ့ စိုးရိမ်ရေမှတ်က ၄၆၀ စင်တီမီတာဖြစ်တဲ့အတွက် လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် အသင့်အနေအထား စီမံထားပါတယ်၊ ဒီနေ့ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်အရ ချောင်းရေအမြင့်ဟာ ၃၀၉ စင်တီမီတာအထိ ကျဆင်းသွားပြီမို့ စိုးရိမ်စရာမရှိတော့ပါဘူး၊ တာချီလိတ်မြို့ရဲ့ စိုးရိမ် ရေမှတ်က ၄၆၀ စင်တီမီတာဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး၊ သို့သော်လည်း ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေအတွက် လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ အသင့်အနေအထားနဲ့ စီမံထားပါတယ် "ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးက တာချီလိတ်အွန်လိုင်းသို့ ရှင်းလင်းပြောကြားသွားပါသည်။
သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
71 photos
Social Buttons