Latest News

Dropdown Menu

Monday, August 26, 2013

လမ်းပေါ်တွင် လျှောက်သွားနေသော မိဘမဲ့ ကလေးငယ်တစ်ဦးအား လမ်းမှားမရောက်စေရန်အတွက် (ပရဟိတ)အောင်မင်္ဂလာတောရကျောင်းသို့ ပို့ဆောင်

ယနေ့၊ သြဂုတ်လ ၂၇ရက် နံနက် ၁၁ နာရီက တာချီလိတ်မြို့ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းပေါ်တွင် လျှောက်သွားနေသော အသက် ၁၀ နှစ်အရွယ်ရှိ မိဘမဲ့ကလေးတစ်ဦးအား ကလေး၏ သဘောဆန္ဒအရ ကိုရင်ဝတ်ချင်သည်ဟု ပြောလာ၍ (ပရဟိတ)အောင်မင်္ဂလာတောရကျောင်း သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


"မနေ့ည ၁၁ နာရီလောက်ထိ မီးသတ်ရုံးရှေ့မှာ ထိုင်နေလို့ တာဝန်ရှိသူတွေကလည်း ရုံးကို ဆက်သွယ်လာတော့၊ ကလေးကို ခေါ်ထားပြီး၊ ဘယ်ကလာတာလည်း ဆိုတာ မေးမြန်းပြီး၊ ကလေးကို စားစရာတွေကျွေးပြီး ရုံးထဲမှာပဲ ပေးအိပ်ထားလိုက်တယ်၊ ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်းလည်း ဆုံးဖြတ်လို့မရတဲ့ ကိစ္စဆိုတော့ မနက်ရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဆီကို ခေါ်သွားပြီး၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆွေးနွေးတင်ပြခဲ့ပါတယ်။"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တာချီလိတ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးထွန်းလင်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်တို့မှ ကလေးအား အသေးစိပ်မေးမြန်းရာ ၎င်းတွင် ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်မှာ အခြားနေရာသို့ ထွက်သွားကြောင်း ဖြေကြားလာသည်။ ၎င်း၏ မိခင်နှင့် ကွဲကွာပြီးနောက် ကျိုင်းတုံမြို့ရှိ လူမျိုးခြား မိသားစုတစ်စုမှ ခေါ်ယူမွေးစားထားတာဖြစ်ပြီး ကလေးမှာ ကျိုင်းတုံတွင် မနေချင်တော့သည့် အတွက် တာချီလိတ်သို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဖြေကြားလာသည်။ ယင်းကိစ္စအတွက် ကလေးအား လမ်းပေါ်တွင် လျှောက်သွားတာမျိုး မဖြစ်စေရန် နှင့် တစ်ဖက်နိုင်ငံသို့ရောင်းစားခံရမှုမျိုး
 မဖြစ်စေရန်အတွက် ၎င်းတို့မှ ကလေးအား မိဘမဲ့ဂေဟာသို့ ပို့ဆောင်ပေးရမလား၊ ပရဟိတ ဘုန်းကြီးကျောင်း တခုခုကို ပို့ပေးရမလား မေးသည့်အခါမှာ ကလေးမှာ ကိုရင် ၀တ်ချင်ကြောင်း
ပြောလာ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ကားစီစဉ်ပေးမှုဖြင့် (ပရဟိတ) အောင်မင်္ဂလာတောရကျောင်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


{ ကလေး၏ မိသားစုများမှ တွေ့လျှင် ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ပုံအား ဖော်ပြပေးလိုက်ပါသည်။}

"တာချီလိတ်မြို့က နယ်စပ်ဆိုတော့ ဒီလိုကလေးတွေအတွက် စိုးရိမ်စရာကောင်းပါတယ်၊ တစ်ဖက်နိုင်ငံကို ရောင်းစားခံရတတ်တာတို့ ကော်ရှုတာတို့ဖြစ်တတ်တဲ့အတွက် အခုလို ကောင်းတဲ့နေရာကို ပို့ပေးတာ ကောင်းပါတယ်"ဟု ဒေသခံ တစ်ဦးမှ ပြောကြားလာသည်။

(ပရဟိတ)အောင်မင်္ဂလာတောရကျောင်းတွင် တိုင်းရင်းသားကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များနှင့် မရှိနွမ်းပါး ကလေးငယ်များ လက်ရှိတွင် စုစုပေါင်း ၇၅ ဦးရှိကြောင်းသိရသည်။

ကလေး၏ အမည်မှာ မောင်နိုင်ထက်လင်းဖြစ်ပြီး ဖခင်မှာ ဦးစိုး(ကွယ်လွန်) နှင့် မိခင်မှာ ဒေါ်စန္ဒာမြင့်ဖြစ်ပြီး ကလေးမှာ ယခင်က  တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်၊ ကချင်ရွာတွင် နေထိုင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »