Writen by
Tachileik News Agency
9:33 AM
-
0
Comments
မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နီးစပ်လျှက်ရှိသော တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နမ်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အမည်ရှိ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားများ လုပ်အားခ ပုံမှန်ရရှိမှုမရှိခြင်း နှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ မရရှိခြင်းအပြင် ချုပ်ဆိုထားသော အလုပ်သမားစာချုပ်ထဲ၌ ပါရှိသည့် ခံစားခွင့်များနှင့် ကွဲလွဲနေလျှက်ရှိကြောင်းတို့ကို့  စက်တင်ဘာ ၆ ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးထံ မြန်မာအလုပ်သမား တစ်စုမှ လာရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။Prove Garment ကုမ္ပဏီ အမည်ရှိ အထည်ချုပ်စက်ရုံတွင် လက်ရှိတွင် မြန်မာအလုပ်သမား ၁၈၀ ကျော်ရှိကြောင်း သိရပြီး အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာ-ထိုင်းနှစ်ဘာသာဖြင့် ဖော်ပြထားသော စာမျက်နှာရှစ်မျက်နှာပါ စာရွက်ပေါ်မှ အချက်အလက်များအား သဘောတူညီစေပြီးမှ လက်မှတ်ထိုးရတာဖြစ်ကြောင်း သိရသည်။
အဆိုပါ စာချုပ်တွင် အလုပ်လုပ်ချိန်မှာ တစ်ရက်လျှင် ၈နာရီဖြစ်ပြီး ၈ နာရီအတွက် အခြေခံ လုပ်အားခမှာ ၃၀၀ ဘတ် သတ်မှတ်ထားသော်လည်း လက်ရှိမှာ နံနက် ၇ နာရီမှ ည ၇နာရီအချိန်ထိ တစ်ရက် ၁၂နာရီနှုန်းဖြင့် အလုပ်ဝင်ရပြီး လုပ်အားခမှာလည်း သတ်မှတ်ထားသည့်အတိုင်း ပုံမှန်ရရှိခြင်းမရှိကြောင်း သိရသည်။ သည့်အပြင် စာချုပ်၌ အချိန်ပိုလုပ်အားခမှာ အခြေခံလစာ တစ်နာရီလျှင် ၁.၅ဆ ရရှိရမည်ဖြစ်ပြီး အလုပ်ပိတ်ရက်တွင် အလုပ်ဆင်းရပါက ၂ ဆ ရရှိမည်ဖြစ်သော်လည်း ယခုလက်ရှိမှာ စာချုပ်ပါ အချက်အလက်နှင့် ခြားနားနေခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ မြန်မာအလုပ်သမား အမျိုးသားရော၊ အမျိုးသမီးတွေရော ၅ လပိုင်းတုန်းက မခံမရပ်နိုင်လို့ ဆန္ဒပြကြသေးတယ်၊ အဲ့လို ဆန္ဒပြပြီးတဲ့နောက် မြန်မာအလုပ်သမား ယောကျာ်းလေးတွေ တော်တော်များများကို အကြောင်းအမျိုးမျိုးပြပြီး အလုပ်က ထုတ်ပစ်ကြတယ်၊ အခုတော့ မြန်မာအလုပ်သမား ၁၈၀ ကျော်ပဲ ကျန်ပါတော့တယ်"ဟု ဆက်လက် ပြောပြသည်။
လက်ရှိဖြစ်ပေါ်နေသော ပြဿနာနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ အမှန်တကယ်ဖြစ်ပေါ်နေသော အခြေအနေများအား သိရှိနိုင်ရန်အတွက် သွားရောက်စုံစမ်းပေးရန် "မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"မှ ကော်မတီဝင် တစ်ဦးဖြစ်သူ ထိုင်းစကားကျွမ်းကျင်သူ ဦးစည်သူအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ခေါ်ယူမှာကြားသဖြင့် စက်တင်ဘာ ၇ရက်၊ နံနက်ပိုင်းက အဆိုပါ စက်ရုံသို့ ဦးစည်သူက ထိုင်းနယ်ခြားကော်မတီ(TBC)မှ တာဝန်ရှိသူ အချို့အား အကူအညီတောင်းကာ မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ကတော့ အခုလာတာဟာ ဒီထဲက မြန်မာအလုပ်သမားတစ်ချို့ရဲ့ လာရောက် တိုင်ကြားချက်ကြောင့် အခြေအနေ လာရောက်စုံစမ်းတာပါ၊ လာမဲ့ ၁၀ရက်နေ့မှာ မြန်မာနိုင်ငံဘက်မှာ ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းလို့ အဆင်မပြေရင် ကျွန်တော်တို့ဘက်က မြန်မာအလုပ်သမားတွေ အတွက်အဆင်ပြေစေဖို့ ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် အဆင့်ဆင့် တင်ပြပေးသွားမှာဖြစ်ပါတယ်လို့ စက်ရုံက မန်နေဂျာအမျိုးသမီးနဲ့ တာဝန်ခံတွေကို ပြောခဲ့ပါတယ်"ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား တစ်ဦးထံ တာချီလိတ်အွန်လိုင်းမှ ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းရာမှာ "မနက်က ကိုစည်သူတို့ ရောက်လာတော့ ကျွန်တော် အပါအ၀င် ဒီမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေ အားလုံး ၀မ်းသာနေကြတယ်၊ ပျော်လည်းပျော်ကြတယ်၊ ငါတို့ကို ကူညီပေးမဲ့လူတွေ ရောက်လာပြီဆိုတဲ့ သဘောနဲ့ပေါ့၊ ကျွန်တော်တို့ အလုပ်သမားတွေ ရပိုင်ခွင့် ချိုးဖောက်ခံရတာ သင်္ကြန်ကာလ ကတည်းကဗျာ၊ တော်တော်ကြာနေပြီ၊ မြန်မာဘက်က ဘယ်ကို ဆက်သွယ်ပြီး အကူအညီတောင်းရမလဲဆိုတာလည်း နားမလည်ဘူး၊ ထိုင်းဘက်က အလုပ်သမားရုံးကို သွားတိုင်တော့ သူတို့တွေ နှစ်ခါတိတိ လာစစ်တယ်၊ လာစစ်တိုင်း မန်နေဂျာနဲ့ ၂နာရီ အကြာ စကားတွေပြောပြီး ပြန်သွားတယ်၊ ဘာမှမထူးလာဘူး၊ အခု ကိုစည်သူတို့ လာရောက် စုံစမ်းသွားတာကို မန်နေဂျာနဲ့ တာဝန်ခံတွေ လန့်သွားပုံရတယ်၊ ပြာပြာသလဲနဲ့ သူဌေးကို အီးမေးလ်ပို့နေကြတာကို တွေ့ရတယ်"ဟု ပြောပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ၁၀.၉.၂၀၁၃ ရက်နေ့မှာ တာချီလိတ်မြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအပါအ၀င် ထိုင်းနိုင်ငံဘက်မှ မြို့ပိုင် နှင့် တာဝန်ရှိသူများအား
တွေ့ဆုံညှိနှိုင်းရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬




Social Buttons