Latest News

Dropdown Menu

Saturday, October 5, 2013

Prove Garment မှ မြန်မာအလုပ်သမား အရေး ထိုင်းရုပ်သံလိုင်းမှ ထုတ်လွှင့်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံ၌ လုပ်အားခပုံမှန်ရရှိခြင်း မရှိသည့် အပြင် အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများနှင့် ကြုံနေရပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော မြန်မာအလုပ်သမား ၁၈၀ ကျော်တို့သည် မိမိတို့၏ ရပိုင်ခွင့်အတွက် ကြိုးစားမှုများကြောင့် အလုပ်ရှင်မှ အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်လိုက်သည့် အတွက် အောက်တိုဘာလ ၂ရက်နေ့က မယ်ဆိုင်မြို့ပိုင်ရုံး၌ ချင်းရိုင်းခရိုင် အလုပ်သမားရုံးမှ အကြီးအကဲနှင့် အဖွဲ့ဝင်များမှ အလုပ်သမားများ၏ နစ်နာမှုများကို ဖောင်ဖြည့်ကာ စာရင်းယူခဲ့ကြပြီးနောက် အလုပ်ရှင်မှ ပတ်စပို့အား သိမ်းဆည်းထားသည့် အတွက် ပြန်လည်ရရှိရန် ထိုင်းနိုင်ငံမှ ရှေ့နေတစ်ဦးမှ ဦးဆောင်၍ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" မှ ကော်မတီဝင်များနှင့်အတူ မယ်ဆိုင်ရဲစခန်းသို့ သွားရောက်၍ အမှုဖွင့်ခဲ့ကြသည်။


အဆိုပါနေ့တွင် ထိုင်းနိုင်ငံ ရုပ်သံလိုင်းဖြစ်သော Tv3 နှင့် Tv7 တို့မှလည်း လာရောက်၍ သတင်းယူရာ TV3 မှ အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက ထုတ်လွှင့်ခဲ့ပြီး Tv7 မှ အောက်တိုဘာလ ၄ရက်နေ့ နေ့လည်ပိုင်းက ထုတ်လွှင့်သွားခဲ့သည်။ Tv7 တွင် ထုတ်လွှင့်သွားခဲ့ပြီးဖြစ်သော ရုပ်သံအား ပြန်လည်ယူ ကူးယူဖော်ပြလိုက်ပါသည်။

{ Tv7 တွင် ထုတ်လွှင့်သွားခဲ့ပြီးဖြစ်သော ရုပ်သံ/ vdo from: Ch7 }

မြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့၏ နစ်နာကြေးများကို သက်ဆိုင်ရာမှ တောင်းခံပေးရန်အတွက် အချိန်ကာလမှ  ရက်ပေါင်း ၆၀ အတွင်း ကြာမြင့်မှာဖြစ်ကြောင်း သိရသည်။ ထို့အတွက် အလုပ်သမားများအနေဖြင့် စောင့်ဆိုင်းနေစဉ် ကာလအတွင်း အခြားသို့ အလုပ်သွားလုပ်နိုင်ရန် ပတ်စပို့စာအုပ်မှာလည်း အလုပ်ရှင်က သိမ်းဆည်းထားသည့်အတွက် အခက်တွေ့နေကြောင်း သိရသည်။

"အလုပ်ရှင်က  ကျွန်တော်တို့အနေနဲ့ တခြားမှာ အလုပ်သွားလုပ်လို့ မရအောင် ပတ်စပို့ စာအုပ်ကို သိမ်းထားတယ်၊ အလုပ်မပိတ်ခင်တုန်းက မယ်ဆိုင်မြို့ပိုင်ရှေ့မှာ ပေးမယ်ပြောပြီး၊ ဘန်ကောက်က တောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုထိပြန်မပေးသေးဘူး"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

အခြားသို့ အလုပ်ထွက်လုပ်လို့မရသည့်အတွက် ၎င်းတို့အနေဖြင့် လတ်တလောတွင် စားဝတ်နေရေးအပြင် ငှားနေရသော အိမ်ခန်းခများလည်းမတတ်နိုင်သည့်အတွက် အခက်အခဲဖြစ်နေကြောင်း နှင့် သားသည်မိခင်များအတွက်လည်း ကလေးသူငယ်များအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍  "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" မှ စားနပ်ရိက္ခာများကို ယခင်နည်းတူ သွားရောက် ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်းလည်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
« PREV
NEXT »