Latest News

Dropdown Menu

Sunday, December 22, 2013

မိုင်းကိုးကျေးရွာအုပ်စု၌ တံတား ၄ စင်း ဆောက်လုပ်ပေးနိုင်ရန် စီစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အတွင်း၌ရှိသော အချို့သော တိုင်းရင်းသားကျေးရွာများရှိ အဓိက သွားလာမှုလမ်းများအား ချောင်းကြီး၊ ချောင်းငယ်များဖြင့် ဟန့်တားနေမှုများကြောင့် ကျေးလက်ဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည့်အပြင် ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် သွားလာမှု အခက်အခဲများရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များ၊ သက်ဆိုင်ရာဌာနများ နှင့် မြို့မိမြို့ဖများဖြင့် စုပေါင်းကာ ဖွဲ့စည်းထားသည့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ယနေ့ ဒီဇင်ဘာလ(၂၂)ရက် နံနက်က မိုင်းကိုးကျေးရွာအုပ်စု အတွင်း လိုအပ်သည့် တံတားများအား ဆောက်လုပ်ပေးနိုင်ရန်အတွက် သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ သွားရောက်ကြည့်ရှု့ရာတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ထွန်း၊ ဦးကြည်မြင့်၊ ဦးထိန်မင်းတို့အပြင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များ ပါဝင်ပြီး မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ချောင်းကြီး၊ ချောင်းငယ်မှ ဖြတ်သန်းသွားလာရသော လမ်းအခြေအနေများကို မြေပြင်ကွင်းဆင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ယင်းနောက် လှည့်လည်ကြည့်ရှုရာတွင် မိုင်းဟဲ(အောက်)ရွာ နှင့် ကျန်တစ်လမ်းမှ တာလေမြို့နယ်ခွဲထိသို့ ပေါက်စေမည်ဖြစ်သည့်အပြင် ကျေးရွာကြီး(၁၀)ရွာနှင့် ရွာငယ်များအား အကျိုးပြုစေမည့် ချောင်းဆုံ(ဟွေဆာ)တံတားငယ်အား အသစ်တည်ဆောက်ပေးရန်လိုကြောင်း၊ နားမွန်ကျေးရွာအ၀င် နှင့် အထွက်တို့တွင်လည်း တံတား တစ်ခုစီ တည်ဆောက်ရန် အထူးလိုအပ်နေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ တံတား(၃)စင်းအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ (အထူး)လုပ်ငန်း တစ်ရပ်အနေဖြင့် အမြန်ဆုံးတင်ပြဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။ သည့်အပြင် မောရှည်(လားဟူ)ရွာတွင်လည်း တံတားတည်ဆောက်ပေးရန် လိုအပ်ကြောင်းကို ကြည့်ရှုလေ့လာတွေ့ရှိရသည့်အတွက် ယင်းတံတားအတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းငွေဖြင့် တည်ဆောက်ပေးသွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာများအား ဒေသဖွံ့ဖြိုးမှုရှိစေရန် နှင့် ချောင်းကူးလမ်းများကို တံတားတည်ဆောက်ပေးနိုင်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေကြပြီး ဆက်လက်၍လည်း တိုင်းရင်းသားကျေးရွာများအတွက် ကွင်းဆင်းကြည့်ရှုမှုများကို ပြုလုပ်ရန် ရှိကြောင်းကိုလည်း သိရှိရသည်။

ဓါတ်ပုံ။      ။ သာစည်မျိုးသန့်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »