Writen by
Tachileik News Agency
9:51 PM
-
0
Comments
ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်၊ နံနက် (၇)နာရီအချိန်က "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးမှ ကြီးမှူးကျင်းပပြီး တာချီလိတ်မြို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပညာရေးမှ ဆရာ/ဆရာမများ နှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင်ပြုလုပ်ကျင်းပသော နေ့ကလေး အထူးတရားပွဲကို မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိမှ ဟောကြားတော်မူရာ လူကြီး၊ လူလတ်များအပြင် တာချီလိတ်မြို့နယ်လုံးရှိ ထက်/လယ်/မူ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၀၀၀)ကျော် လာရောက်၍ တရားတော်နာယူခဲ့ကြသည်ကို တွေ့ရှိရသည်။
အဆိုပါ တရားပွဲတွင် လာရောက်တရားနာယူကြသည့် ကျောင်းသား၊ ကျောင်းသူ (၇၀၀၀)ကျော်အတွက် အစာ အာဟာရများအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်သည့် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် မိသားစု နှင့် မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင် မိသားစု အပါအ၀င် ဦးထွန်းနေဦး (ဟိုတယ်တာချီလိတ်) မိသားစု နှင့် ဦးစည်သူမောင် မိသားစုတို့ပါဝင်သည့် စေတနာရှင် အလှူရှင်တစ်စုမှ ပဲနို့ရည်၊ ပေါင်မုန့်၊ ရေသန့် စသည့် အာဟာရများကို လှူဒါန်းကြပြီး ရေသန့်လုပ်ငန်းရှင်များအသင်းမှ သောက်ရေသန့်ဗူးများ လှူဒါန်းကြောင်း သိရသည်။ ယင်းကဲ့သို့ပင် လူမှုရေးအသင်းအဖွဲ့များ၊ KBZ ဘဏ် မှ ၀န်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များမှ တတ်အားသ၍ ပါဝင်လှူဒါန်းကြသည်ကိုလည်း တွေ့ရှိရသည်။
တရားပွဲ ကျင်းပရာ နေရာနှင့် အလှမ်းဝေးသည့် စာသင်ကျောင်းများသို့ ကားဖြင့် ကြိုပို့မှုများ ပြုလုပ်ပေးတာနှင့် ပတ်သက်၍ " ကျွန်တော်တို့ မထသ လက်အောက်မှာ ရှိတဲ့ အနီး/အဝေးပြေးယာဉ်တွေနဲ့ တာချီလိတ် (အခြေချ) စစ်ဗျူဟာအဖွဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ ယာဉ်တွေနဲ့ စုစုပေါင်း ယာဉ် (၄၆)စီးနဲ့ ကျောင်းသား၊ ကျောင်းသူ (၄၁၀၀) လောက်ကို ခေါက်တုံ့ခေါက်ပြန် မောင်းပြီး ကြိုပို့လုပ်ပေးခဲ့ပြီး ကုသိုလ်ဒါနပြုဖြစ်ခဲ့ပါတယ်"ဟု မထသ ဥက္ကဌ ဦးစ၀်စိုးလင်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး ခေါင်းစဉ်နှင့် ပတ်သက်၍ တရားပွဲများပြုလုပ်ရာတွင် ဦးစီးဦးဆောင်သူများအနက် အဓိက ပါဝင်သူ တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင်အား မေးမြန်းရာမှာ "ကျွန်တော်တို့ တရားပွဲ ပြုလုပ်လာတာ (၂၂)ကြိမ်မြောက်ရှိပါပြီ၊ အဖွဲ့အစည်း၊ အသင်းရယ်လို့ မလုပ်ထားပါဘူး၊ တာချီလိတ်မြို့မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ အားတဲ့အချိန် လာကူလုပ်၊ ဘယ်နေ့ ဘယ်ရက်မှာ တရားပွဲစမယ်၊ လုပ်အားဒါနပြုလုပ်သူများ ဘယ်အချိန်မှာ လာခဲ့ပါလို့ အဲ့လို ကြော်ငြာလိုက်တာနဲ့ သူ့အသိစိတ်ဓါတ်နဲ့သူ ၀ိုင်းဝန်းလုပ်လာခဲ့တာ ဒါရောဆို (၂၂)ကြိမ်မြောက်ရှိပါပြီ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြန်လည် ရှင်းပြသည်။
ဂျလန်းကျွန်းဆရာတော်သည် တာချီလိတ်အွန်လိုင်းမှ တဆင့် "ဆရာတော် တစ်ပြည်လုံးကို တိုက်တွန်းချင်တာကတော့ ကလေးအထူးတရားပွဲတွေ များများလုပ်ကြပါ၊ ဓမ္မစကူးလ်တွေဖွင့်ကြပါ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်ပြီးတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ကာကွယ်စောင့်ရှောက်သော အားဖြင့် ကုသိုလ်အမွေတွေ၊ တရားအမွေတွေ များများပေးကြပါလို့ ဆရာတာ် အထူး တိုက်တွန်းလိုပါတယ်.."ဟု မိန့်ကြားတော်ခဲ့ပါသည်။
ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိ သည် သာစည်မြို့နယ် ဘိုကုန်းကျေးရွာ ဇာတိဖြစ်ပြီး ၁၉၈၉ခုနှစ် တပို့တွဲလပြည့်နေ့ကစ၍ သာသနာ့ဘောင်သို့ ၀င်ရောက်တော်မူခဲ့ပြီး ၁၉၉၇ခုနှစ်မှာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ၂၀၀၄ခုနှစ်၌ သတ္တဗေဒအထူးပြု( B.Sc - Zoology)ဘွဲ့ရရှိပြီးနောက် မြန်မာသက္ကရာဇ် ၁၃၆၆ခုနှစ်မှာ "သာသနဓဇဓမ္မာစရိယ"ဘွဲ့ကို ရရှိပြီး ၂၀၀၇ခုနှစ်မှ စတင်၍ တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းဆလုံရွာ၌ သီတင်းသုံးပြီး ဘာသာမဲ့ဖြစ်နေသည့် ဆလုံလူမျိုးစုများအား ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက်ရှိလာစေရန်အတွက် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ကြိုးပမ်းအားထုတ်ရင်း ဂျလန်းကျွန်းဆလုံဆရာတော် အမည်ဖြင့် ပြည်တွင်း၊ ပြည်ပအသီးသီး၌ တရားတော်များဟောကြားတော်မူရာမှ "ဂျလန်းကျွန်းဆရာတော်"ဟု ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရုပ်သံအား ဆက်လက် ဖော်ပြပေးပါမည်
ပုံများကိုကြည့်ရန်

75 photos
86 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
.jpg)
.jpg)
.jpg)

Social Buttons