Latest News

Dropdown Menu

Wednesday, January 8, 2014

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု သင်တန်း တာချီလိတ်၌ ပို့ချ

တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော
“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပြုသင်တန်း ” ဖွင့်ပွဲအခမ်းအနားအား ဇန်န၀ါရီလ
(၈)ရက် နံနက် (၉း၃၀)အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်
ရေးမှူး ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း
ပြောကြားသည်။


            အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အထောက်
အကူပြုကော်မတီဝင်များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်
ကြပါသည်။ သင်တန်းတွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများ အပါအ၀င် ကျေးလက်ဒေသဖွံ့
ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးလက်
ဒေသများမှ လူငယ်မောင်မယ်သင်တန်းသား (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ထွန်း၊ ဒု-ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဒု-ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း၊ အငယ်တန်း အင်/ယာ -၃ မှ ဒေါ်မြတ်သန္တာထက် နှင့် ဒေါ်မေငြိမ်းသူ၊ မွေးမြူရေးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံထွန်းဝေ၊ ဒု-ဦးစီးမှူး ဒေါက်တာ ကျော်ကျော်စိုး နှင့် တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးလှဝင်းတို့က သင်ကြားပို့ချပေးပြီး သင်တန်းကာလအား (၈.၁.၂၀၁၄) မှ (၉.၁.၂၀၁၄)ထိ နှစ်ရက်တိုင်တိုင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ သင်ကြား ပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်ခရိုင်အတွင်း၌ ကျေးရွာအုပ်စု (၁၃)အုပ်စု ရှိပြီး ကျေးရွာပေါင်း (၃၂၆)ရွာရှိသည့် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန် ယခုလို အထောက်အကူပြု သင်တန်းပို့ချပေးတာဖြစ်ကြောင်းလည်း သိရသည်။

သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
« PREV
NEXT »