Latest News

Dropdown Menu

Friday, June 28, 2013

တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီအားဖွဲ့စည်းရာ အလှူရှင်များမှ စုပေါင်းကာ ကျပ်၁၅၅သိန်းလှူဒါန်း

တာချီလိတ်ခရိုင်အတွင်း ပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် အထောက်အပံ့ဖြစ်စေရန်အတွက် တာချီလိတ်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဖွဲ့စည်းလိုက်သည့် "တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီ"တစ်ရပ်အား ဇွန်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမမှာ ဖွဲ့စည်းခဲ့ကြသည်။



အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် နိုင်ငံရေးပါတီ(၅)ပါတီမှ တာဝန်ရှိသူများအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တာချီလိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများအသီးသီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးကူညီပံ့ပိုးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ရှင်းလင်းပြောကြားပြီး ကော်မတီ၏ လုပ်ငန်းတာဝန်အသီးသီးကို ပေးအပ်ရန်အတွက် နာယကမှ အဖွဲ့ဝင်အထိ အဆင့်ဆင့်ရွေးချယ်ခဲ့ကြသည်။

တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီအား အများသဘောတူညီချက်ဖြင့် ဖွဲ့စည်းပြီးနောက် ကော်မတီ၏ မတည်အလှူငွေအဖြစ် ဌာနဆိုင်ရာအပါအ၀င် စေတနာရှင်၊ လုပ်ငန်းရှင်များမှ ကျပ်သိန်း(၁၅၅)သိန်းအား ၀ိုင်းဝန်းစုပေါင်းကာ လှူဒါန်းခဲ့ကြသည်။

ယခုဖွဲ့စည်းလိုက်သော "တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီ"သည် တာချီလိတ်ခရိုင်အတွင်း ပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး အဆိုပါ ကော်မတီတစ်ရပ်သည် တာချီလိတ်ခရိုင် ပညာရေးအတွက် ရေရှည်တည်တံ့စေရန်ရည်ရွယ်ကြောင်း သိရှိရသည်။


« PREV
NEXT »