Writen by
Tachileik News Agency
1:09 AM
-
0
Comments
ဇူလိုင်လ(၁)ရက်နေ့က သတင်းတာဝန်နဲ့ တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်းရှိ ပန်စလိမူလတန်းကျောင်းလေးကို ရောက်ရှိသွားခဲ့ပါသည်။ ပန်စလိမူလတန်းကျောင်းမှာ ကျောင်းသူ၊ကျောင်းသား (၁၄၇)ဦး ပညာသင်ကြားနေပြီး ရိုးသားလှတဲ့ အာခါနဲ့ လားဟူရင်သွေးငယ်လေးများ ဖြစ်ကြပါသည်။ကျောင်းစာသင်ခန်းထဲကို ၀င်သွားတာနဲ့ သံပြိုင်ညီညီသီဆိုကြတဲ့ နှုတ်ဆက်တေးလေးဟာ မြို့ကြီးပြကြီးက ကျောင်းတွေမှာတောင် တခါမှမတွေ့ဖူးတဲ့ နှုတ်ဆက်တေးသံလေးပါ၊ မြန်မာလို မပီမသ ၀ဲတဲတဲနဲ့ သီဆိုတဲ့ နှုတ်ဆက်တေးသံလေးကတော့ ကျွန်တော့်ရင်မှာ တသက်မမေ့နိုင်တော့ပါ။
ဒီကျောင်းသူကျောင်းသားလေးတွေကို လိုက်လံနှုတ်ဆက်ရင်း ထူးခြားတဲ့ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့တာနဲ့ သတင်းသမားပီပီ ဓါတ်ပုံတွေရိုက်၊ သိချင်တာတွေကို မေးမြန်းကြည့်ခဲ့သည်။ သူ့ပုံလေးကိုကြည့်ပါ၊ ရိုးသားတဲ့ သွင်ပြင်လေးမှာ ရှည်လျားလှတဲ့ ဆံပင်တွေက သူ့အလှကိုဖျက်နေသလိုပါပဲ။
"သားဆံပင်တွေရှည်နေတယ်၊ ကျောင်းသားဆိုတာ ဆံပင်ရှည်မထားရဘူး"လို့ ပြောလိုက်မိတော့ "ဟုတ်ကဲ့ ဦးဦး သားလဲ ဆံပင်ရှည်မထားချင်ပါဘူး၊ ဒါပေမယ့် သားဆံပင်တွေက ငယ်ငယ်လေးထဲက ဖြတ်လို့မရဘူး၊ ဆံပင်တွေကို ညှပ်လိုက်တာနဲ့ သားမခံမရပ်နိုင်အောင် မူးလာပြီးနောက်တော့ သတိလစ်သွားတော့တယ်၊ အဲ့ဒါကြောင့် ဆံပင်တွေကို အကုန်ညှပ်လို့မရပဲ အခုလို တပိုင်းတစ အရှည်ထားနေရတာပါ"ဟု ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားသွားပါသည်။
" ဒီကလေးနံမည်က မောင်လီတိပါ၊ အသက်က ၃၁-၁၂-၁၉၉၈မှာ မွေးတာဆိုတော့ (၁၅)နှစ်ပြည့်ခါနီးပါပြီ၊ အခု ဒီကျောင်းမှာ စတုတ္တတန်းတက်ရောက်သင်ကြားနေတာပါ။ မိဘတွေကတော့ မိုင်းဟဲကျေးရွာအုပ်စု၊ ၀ိန်းဝရွာမှာ နေထိုင်တဲ့ အာခါတိုင်းရင်းသား ဦးအားဆောင်နဲ့ ဒေါ်ဘူးတီးတို့ရဲ့ သားသမီး (၁၁)ဦးအနက် အငယ်ဆုံးသားပါ၊ သူ့ဆံပင်တွေကို ညှပ်လို့မရဘူး၊ ညှပ်တာနဲ့ မူးလာပြီး သတိလစ်သွားတော့တာပဲ၊ ဘာကြောင့်ဆိုတာတော့ ကျွန်မတို့လဲ သိပ်တော့နားမလည်ဘူး၊ သူတို့မိသားစုက အရင်ကတော့ မိရိုးဖလာ နတ်ကိုးကွယ်သူတွေပါ၊ အခုတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပါပြီ၊ အချို့ပြောကြတာကတော့ မိရိုးဖလာနတ်ကိုးကွယ်သူတွေအနေနဲ့ အခုလိုထူးခြားတဲ့ သူတွေရှိတတ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် သူ့ဆံပင်ကို အကုန်ညှပ်လို့ မရပဲ နတ်နေကိုင်း သဘောမျိုးချန်ထားပေးရတာပါ"ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်လွန်းနွယ်နွယ်ရီမှ ရှင်းပြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုလို ဆံပင်ညှပ်၍မရသည့်အဖြစ်ကတော့ ကျွန်တော့်ဘ၀တွက် တသက်မှတခါကြုံရသည့်အဖြစ်မို့ မှတ်တမ်းပြုမိပါသည်။ လူထူးဆန်းလေး မောင်လီတိအား ကိုယ်တိုင်သွားရောက်တွေ့ဆုံလိုပါက တာချီလိတ်-ဘိုရှီး-မိုင်းခုတ်လမ်းမကြီးအတိုင်း (၅)မိုင်ခန့်သွားရောက်လျှင် ပန်စလိကျေးရွာလေးသို့ ရောက်ရှိပါမည်။ အဆိုပါရွာလေးရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော မောင်လီတိအား တွေ့ဆုံနိုင်ပါကြောင်း။
သတင်းပေးပို့သူ။ ။ မောင်ယဉ်ကျေး

Social Buttons