Writen by
Tachileik News Agency
9:41 PM
-
0
Comments
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းရဲများသည် တာချီလိတ်မှ လာရောက်ကြသူများကို ဆီးစစ်ခြင်းနှင့် လမ်းပိတ်တားဆီးပြီး လိုင်းကားများပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံမှ လာရောက်သူများ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များမှ ခရီးသည်များကို နေ့စဉ်နီးပါး စစ်ဆေးလျက်ရှိကြောင်း စစ်ဆေးခံခဲ့ရသူများက ပြောကြားခဲ့ကာ ယခုကဲ့သို့ စစ်ဆေးနေမှုများကြောင့် အချိန်ကုန်ခြင်းနှင့် အခြား စိတ်အနှောင့်အယှက်များစွာဖြစ်ရကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ဆေးမှုများမှာ ယခင်က ရံဖန်ရံခါသာ စစ်ဆေးတတ်ပြီး ယခုအခါ နေ့စဉ်နီးပါး စစ်ဆေးနေပြီး ငွေနှင့် ပတ်သက်ပြီး ခရီးသည်အများအပြား ဖြေရှင်းရနိုင်ကြောင်း၊ အငှားယာဉ်မောင်းသမားများနှင့် တာချီလိတ်မြို့ခံများမှ ပြောကြားခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံသားများကိုမူ မှတ်ပုံတင်ပြပါက လုံးဝစစ်ဆေးခြင်းမရှိဘဲ မြန်မာနိုင်ငံသားများကိုသာ စောင့်ကြည့် စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။
" ကျွန်တော်ကတော့ အရင် ဇွန်လက နှစ်ခါတောင် ဆီးစစ်တာခံလိုက်ရတယ်။ ပါလာတဲ့ ခရီးသည်တွေလည်း ယောကျာ်းတွေဆို အကုန်စစ်တာပဲ။ ပြီးရင် သူတို့က ကရိယာလေးနဲ့ စိမ်လိုက်တယ်။ ပန်းရောင်ထွက်ရင် မူးယစ်ဆေး သုံးတယ်ပေါ့။ ကျွန်တော်တို့က ဘာအရောင်မှ မထွက်လို့ ဆက်သွားရတယ်။ အရောင်ထွက်ရင် ဖမ်းထားပြီး ကျင်းရိုင်းက ထောင်ကို ပို့တယ်။"ဟု မယ်ဆိုင်သို့ သွားရောက်သူတစ်ဦးက ပြောကြားသည်။
တာချီလိတ် နှင့် မယ်ဆိုင်တွင် နှစ်နိုင်ငံနယ်ခြားကော်မတီရုံးခန်း ဖွင့်လှစ်ထားပြီး နှစ်ဖက်ကော်မတီများ အစည်းအဝေးပြုလုပ်ကြသည်မှာ အကြိမ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး နောက်ဆုံးအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံ ကျင်းရိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းရေးသားသူ။ ။ ဆုလဏီး ( တာချီလိတ် )
မှတ်ချက်။ ။ ၂၀၁၃ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် The Daily Eleven Newspaper ၏ စာမျက်နှာ၂၅၌ ဖော်ပြထားသော သတင်းအား မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။
Social Buttons