Writen by
Tachileik News Agency
10:06 AM
-
0
Comments
၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့ ည(၇း၀၅)နာရီခန့်က တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ၀ဲဖက်ခြေထောက် ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။{သုံးဘီးဆိုင်ကယ်ဖြင့် ဆေးရုံသို့ပို့နေစဉ်}
ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ဆိုင်ကယ်ပေါ်မှာ မောင်းသူနဲ့ အနောက်မှ လိုက်ပါစီးနင်းသူ (၂)ဦးဖြစ်ပြီး တိုက်သွားသူလို့ ယူဆရတဲ့ ကားမှာတော့ ယာဉ်မောင်းတစ်ယောက်တည်းဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းသူမှာ ယာဖက်မျက်ခုံး နဲ့ယာဖက်မျက်လုံးအောက်(ပါးမို့)နေရာမှာ ပွန်းပဲ့ဒဏ်ရာရပြီး ၀ဲဖက်ဒူးပိုင်းမှာတော့ ဂုံညင်းပြုတ်သွားသဖွယ်တွေ့ရှိရပြီး ခြေသလုံးအထက်ပိုင်း(ညိုသကြီး)မှာ ကျိုးသွားတာကို တွေ့ရပါတယ်။ ဆိုင်ကယ်အနောက်ကနေ လိုက်ပါစီးနင်းသူမှာတော့ ယာဖက်ခြေသလုံးအထက်ပိုင်း(ညိုသကြီး)မှာ ပွန်းပဲ့ဒဏ်ရာအနည်းအငယ်ရရှိခဲ့ပါတယ်။
{သွေးစွန်းနေသော လမ်းမကြီး}
ယာဉ်တိုက်မှုဖြစ်ဖြစ်ခြင်းမှာ ကားမောင်းသူမှာ ရပ်တန့်ခြင်းမပြုပဲ မောင်းပြေးသွားခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာပဲ ယာဉ်ထိန်းရဲများရောက်ရှိလာပြီး မိနစ်(၂၀)အတွင်းမှာပင် မောင်းပြေးသွားတဲ့ ယာဉ်မောင်းနဲ့အတူ မော်တော်ယာဉ်ကိုပါ ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာပဲ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယခုလ(အောက်တိုဘာ)ရဲ့ အစနေ့မှာပဲ ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာ(၁)ရက်ကနေ (၃)ရက်နေ့အထိ ယာဉ်တိုက်မှုဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
တာချီလိတ်မြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးမှုတွေ အနည်းအငယ်လောက်သာ ရှိနေတာကို အများအမြင်ဖြစ်ပါတယ်။ ယာဉ်ထိန်းအဖွဲ့က ကျောင်းတွေ ရပ်ကွက်တွေမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဖို့အကြောင်းတွေကို ဟောပြောနေပေမဲ့လည်း အမှန်တကယ် လိုက်နာသူဟာ အနည်းအငယ်သာဖြစ်ပါတယ်။
ယခုဆိုလျှင် တာချီလိတ်မြို့မှာ ကားတွေ ဆိုင်ကယ်တွေ အလျင်စလို မောင်းနေကြလို့ ယာဉ်အန္တရယ်ကာကွယ်ဖို့ လမ်းဆုံလမ်းလေးခွ (၈)နေရာလောက်မှာ လမ်းလယ်လက်ရန်းတွေ တပ်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ လမ်းလယ်လက်ရန်းနေရာတွေမှာလည်း မီးပွိုင့်တွေ တပ်ဆင်ပေးမယ်လို့ ကြားသိရပါတယ်။
ယာဉ်တိုက်မှုတွေနဲ့ပတ်သက်ပြီး တာချီလိတ်အွန်လိုင်းရဲ့ facebook မှာ မှတ်ချက်အမျိုးမျိုး တွေ့ရပါသေးတယ်။ လမ်းမချဲ့လို့ အခုလို ခဏခဏ ဖြစ်တာလို့လည်း မှတ်ချက်ပေးကြပါတယ်။ တစ်ချို့ မှတ်ချက်တွေမှာ မှန်တာတွေပါသလို စဉ်းစားသုံးသပ်ပြီး မှတ်ချက်ပေးဖို့လိုတာလည်း တွေ့ရပါတယ်။ လမ်းချဲ့ခြင်းမချဲ့ခြင်းက အဓိက မဟုတ်ဘူး၊ ယာဉ်မောင်းသူတွေကသာ အဓိက ဖြစ်တယ်လို့ တစ်ချို့ သူတွေက မှတ်ချက်ပြန်ပေးကြပါတယ်။
ဟိုအရင်တစ်ချိန်က တာချီလိတ် ဗိုလ်ချုပ်လမ်းမကြီးမှာ ချိုင့်ခွက်တွေနဲ့ တော်တော်ဆိုးဝါးခဲ့ပါတယ်။ သို့သော်လည်း ယာဉ်မောင်းသူတွေဟာ ဆိုးဝါးလှတဲ့ လမ်းပေါ်မှာ အလျင်စလို အမောင်းကြမ်းတာကိုလည်းတွေ့ရပါတယ်။ ယခု လမ်းကောင်းလာတဲ့အခါမှာလည်း အရင်ကထက် ၂ဆမျှ ပို၍ အလျင်စလိုအကြမ်းမောင်းလာကြတာကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။
မည်သို့ဖြစ်စေ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်အန္တရယ် သတိထားကာကွယ်မှသာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။


Social Buttons