Latest News

Dropdown Menu

Thursday, October 24, 2013

မင်းကြီးတာမှ ထွက်လာသော ရွှေသမင်များ နဲ့ အတူ ကျပ်သိန်းပေါင်း ၁၉၂သိန်းရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၌ မူးယစ်တပ်ဖွဲစု(၃၀)တာချီလိတ် နှင့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့တို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်းပေါင်း ၁၉၂ သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၆၀၀ ပြားအား ၂၄.၁၀.၂၀၁၃ နံနက် ၁၁နာရီခွဲအချိန်က တရားခံနှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ တော်ကော့(အပြင်)ကျေးရွာရှိ နေအိမ်အတွင်းသို့ လူတစ်ဦးဝင်ရောက်သွားပြီး နေအိမ်အတွင်းမှ ခြံစည်းရိုးအား ကျော်တက်ကာ ခုန်ချထွက်ပြေးသွားသည်ကို ရပ်ကွက်အတွင်းရှိ စွမ်းအားရှင်များမှ မြင်တွေ့လိုက်ရသည့်အတွက် မသင်္ကာ၍ ၀ိုင်းဝန်း ဖမ်းဆီးထားပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားရာ ခရိုင်ရဲတပ်ဖွဲ့တို့မှ ရောက်ရှိလာပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားတီxxx အား စစ်ဆေးမေးမြန်းရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါသည့် ၈ ထုပ်၊ စုစုပေါင်း ၁၆၀၀ ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။


ဆက်လက်၍ အခင်းဖြစ်ရာနေရာသို့ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရောက်ရှိလာပြီး တရားခံ အားတီxxx အား ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက် စစ်ဆေးမေးမြန်းရာ တရားခံမှ ၎င်းထံမှ သိမ်းဆည်းရမိသည့် ဆေးပြားများအပြင် ကျန်ဆေးပြားများအား အိမ်သာနှင့်ခြံစည်းရိုးကြားရှိ မြက်ပင်များကြားတွင် သိုဝှက်သိမ်းဆည်းထားကြောင်း ထွက်ဆိုလာသည့်အတွက် ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းထားသော နေရာအား သွားရောက် ရှာဖွေစစ်ဆေးရာ မြက်ပင်များကြားမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ပြားစီပါသည့် အထုပ် ၄ ထုပ် ( စုစုပေါင်း ၈၀၀၀ ပြား )အား ရှာဖွေတွေ့ရှိကြောင်း သိရသည်။


တရားခံ အားတီxxxထံမှ ရှာဖွေတွေ့ရှိရသော စိတ်ကြွဆေးပြားများမှာ စုစုပေါင်း ၉၆၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုးမှာ ကျပ်ငွေဖြင့်တွက်သော် ၁၉၂သိန်းခန့်ရှိကြောင်း သိရပြီး တရားခံအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၇/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »